International News

အိန္ဒိယနိုင်ငံသည် ယခုနှစ် ဧပြီလမှ ဇွန်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှယ်ယာ ၃၄ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

အိန္ဒိယသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)သည် ယခုနှစ် ဧပြီလမှ ဇွန်လအထိ ၃၄ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၀.၉၄ ဘီလီယံသို့ ကျဆင်းခဲ့သည်ဟု စက်မှုနှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(Department for promotion of Industry and Internal Trade -DPIIT) မှ သိရှိရကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

FDI စီးဆင်းမှုသည် 2022-23 ခုနှစ် ဧပြီလမှ ဇွန်လ 23 ရက်နေ့အတွင်း ကန်ဒေါ်လာ 16.59 ဘီလီယံအထိရှိခဲ့သည်ဟု DPIIT မှ အချက်အလက်များအရ သိရှိရကြောင်း၊ မောရစ်သျှ၊ စင်္ကာပူ၊ အမေရိကန်နှင့် ယူအေအီးအပါအဝင်နိုင်ငံများမှ FDI သည် ယခု 2023-24 ခုနှစ် ဧပြီလအတွင်း ကျဆင်းခဲ့ပြီး ကွန်ပြူတာဟာ့ဒ်ဝဲနှင့်ဆော့ဖ်ဝဲလ်၊ ကုန်သွယ်မှု၊ မော်တော်ကားနှင့် ဆေးဝါးစသည့် ကဏ္ဍများတွင် အဓိကရင်းနှီးမြှုပ်နှံမှုများကျဆင်းခဲ့ပါကြောင်းနှင့် FDI များသည် Maharashtra ပြည်နယ်တွင် အဓိကလာရောက်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ကြပါကြောင်း၊ယင်းပြည်နယ်၏နောက်တွင် ကာနာတာကာ၊ ဂူဂျာရတ်နှင့် ဒေလီပြည်နယ် တို့သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအများအပြား လာရောက်သည့်ပြည်နယ်များဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယသည် 2020 ခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီးဝင်မှုမှာ ဒေါ်လာ 64 ဘီလီယံရှိရာမှ ၂၀၂၁ ခုနှစ်တွင် 30 ရာခိုင်နှုန်း၊ ဒေါ်လာ 45 ဘီလီယံအထိ ကျဆင်းသွားသော်လည်း ယင်းနှစ်တွင် သတ္တမမြောက် FDI အများဆုံးလက်ခံရရှိသူဖြစ်သည်ဟု ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံမှ သိရှိရပါကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ FDI စီးဆင်းမှုသည် 2021 ခုနှစ်၊ ကပ်ရောဂါမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိပြီး ဒေါ်လာ 1.6 ထရီလီယံနီးပါးအထိရှိကြောင်းလည်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများ၊ ဘဏ်အတိုးနှုန်း မြင့်မားမှုများနှင့် ပြည်တွင်းမူဝါဒဆိုင်ရာမတည်ငြိမ်မှုများကြောင့်ဖြစ်နိုင်သည်ဟု ပြည်တွင်းသတင်းမီဒီယာများမှ သုံးသပ်လျက်ရှိပါကြောင်း သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source : FDI equity inflow dip 34 % to $ 10.94 bn in April - June, 27 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News